Friday, October 9, 2009

ဓမ္မဒူတ(ကိုရီးယား)စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပမည်

ကိုဝိုင်း(မိုးညှင်း)
အောက်တိုဘာ ၉ ၊ ဆောအူးလ်မြို့။

ဓမ္မဒူတဗုဒ္ဓဘာသာအသင်း (ကိုရီးယား)( Dhammaduta Buddhist Association - Korea ) လုပ်ငန်းကော်မတီသည် ကိုရီးယားနိုင်ငံရောက် မြန်မာ ညီအစ်ကို မောင်နှမများနှင့် အတူ ၊ ၁၃၇၁ ခုနှစ် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ကြောင်းသိရသည် -

ရက်စွဲ-
၁၃၇၁ခု နှစ် ၊ တန်ဆောင်မုန်း လဆန်း ၁ ရက် ၊ တနင်္ဂနွေနေ့
( ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ ၁၈ ရက် )
နေရာ -
ဓမ္မဒူတသိမ်တော် ခမ်းမ
အစီအစဉ် –
- ၁၁း၁၅ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်း ။
- ၁၁း၅ဝ ဧည့်သည်တော်များ နေ့လည်စာ သုံးဆောင်ခြင်း ။
- ၁၃း၁၅ ခေတ္တအနားယူခြင်း ။
- ၁၃း၃ဝ အခမ်းအနား စတင်ခြင်း ။
- ၁၃း၃၅ ကထိန်သင်္ကန်း နှင့်တကွ အလှူပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း ၊ တရားနာယူခြင်း ၊ အလှူတော်အစုစု ရေစက်ချ အမျှအတန်းပေးဝေခြင်း ။
- ၁၅းဝဝ အခမ်းအနားပြီးဆုံးခြင်း ။


Read More...

နက်နဲတဲ့သက်ရောက်မှု

သင့်ဘေးနားမှာ သင်သိပ်ချစ်ရတဲ့ ကောင်မလေးရှိရင် သင့်စကားတစ်ခွန်းကြောင့်ထိခိုက်မှုတွေ မဖြစ်ရလေအောင် ဒီပုံပြင်လေးကို ဖတ်ကြည့်ပါ။


ကျွန်တော် ပန်းစည်း၊ သစ်သီးတွေ နဲ့ စာအုပ်တွေကို ယူပြီး ဆေးရုံကို သွားခဲ့တယ် ။ ကျွန်တော် ဒီဆေးရုံကို လာနေတာ တော်တော်ကြာနေပါပြီ။

ခေါင်းငုံ့ပြီးလမ်းလျှောက်သွားရင်တောင် လူနာခန်းကို ရောက်အောင်သွားနိုင်နေပြီ။ ကျွန်တော် အမြဲလာနေတာပါ။

ကျွန်တော်အမြဲလာနေတဲ့အတွက် လူနာကုတင်ပေါ်မှာလဲနေတဲ့လူနာက ကျွန်တော့်အတွက် အရမ်းအရေးကြီးပါ။

တံခါးကို တဖြေးဖြေးဖွင့်လိုက်တော့ သူမ အိပ်နေတယ်။ စာအုပ်တွေ ပန်းစည်းတွေကို ထားလိုက်ပြီးတယ်။ စာအုပ်က သူမအတွက် အပျင်းပြေအောင်လို့ပါ။ သူမဒီဆေးရုံကနေ ဆင်းရအုံးမှာမဟုတ်ပါဘူး။

ကျွန်တော် အခန်းအပြင်ဘက်ကို ထွက်လာခဲ့တယ်။ ဧည့်သည်နားနေတဲ့နေရာမှာ ကျွန်တော် သူမနိုးလာတာကို စောင့်နေခဲ့တယ်။ ဖြတ်သွားဖြတ်လာနေတဲ့လူတွေကို ကြည့်ပြီး ငေးငိုင်နေမိတယ်။

ကျွန်တော်ဘာမှမစဉ်းစားပဲ ငေးငိုင်မှသာကျွန်တော် နောင်တတွေနဲ့မခံစားနေရမှာ….

ဒီအချိန်မှာပဲ ကောင်မလေးတယောက်ကျွန်တော်ဘေးမှာလာထိုင်တယ်…. ကျွန်တော် သတိမထားမိဘူး… ကျွန်တော် ဆက်ငေးနေခဲ့တယ်…. ဒါပေမဲ့ ကျွန်တော် မျက်စိထဲမှာ သူမခြေထောက်က ဒဏ်ရာကို မြင်သွားတယ်။ အလွန်ကြည့်ရဆိုးတဲ့ ရေနွေးပူလောင်ထားတဲ့ဒဏ်ရာပါပဲ…..

သူမ ဒဏ်ရာကို မဖုန်းမကွယ်ပဲ လူမြင်သာအောင် ဘောင်းဘီ ဒူးလောက်နဲ့ ဖိနပ်ကိုလဲ ဒဏ်ရာကို ဖုန်းစေတဲ့ ဖိနပ်မျိုးမ၀တ်ထားဘူး

ကျွန်တော် သူမခြေထောက်ကိုကြည့်နေတာကို သူမသိတော့ `အရမ်းအံ့သြနေတာလား´ လို့မေးတယ်။

`ကျွန်တော် အံ့သြတာဒီဒဏ်ရာမဟုတ်ပါဘူး၊ သတ္တိကိုအံ့သြတာ၊ သာမာန်မိန်းကလေးတယောက်ဆိုရင် ဒီလိုဒဏ်ရာနဲ့ဆို ဖုန်းကွယ်ထားမှာသေချာ်တယ်´

`ကျွန်မအရင်က ဖုန်းထားတယ်။ ဒါပေမဲ့ အခုမဖုန်းတော့ဘူး။ ကြိုက်တဲ့ဖိနပ် ကြိုက်တဲ့ ဘောင်းဘီဝတ်လို့ရပြီ´

``ဘာလို့လဲ´´


`ကျွန်မချစ်သူကဒီဒဏ်ရာကို လက်ခံတယ်။ သူတောင်လက်ခံတယ် ကျွန်မဘာလို့မလက်ခံရမှာလဲ´

အဲဒီဒဏ်ရာလေးက ကြည့်ရတာတော်တော်ရုပ်ဆိုးပါတယ် ….

သူမရဲ့စကားကို ကျွန်တော် စဉ်းစားနေမိတယ်…

မိန်းကလေးရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုနဲ့ ဘာများပတ်သက်နေလဲ… အထူးသဖြင့် ချစ်သူကောင်လေးပြောလိုက်တဲ့ ဝေဖန်စကားတစ်ခွန်းကြောင့်…..?????

ကျွန်တော်ချစ်သူကောင်မလေးဆေးရုံတက်တာ အစားမစားတဲ့ရောဂါဖြစ်နေတယ်။ အစားတွေမစားတော့ pressure တွေကျတယ်၊ နှလုံးခုန်တာတွေ မမှန်တော့ဘူး။ ဒီလိုနဲ့ အချိန်မရွေးအသက်အန္တရာယ်ရှိနိုင်လို့ဆေးရုံတင်လိုက်ရတယ်။

ကျွန်တော် ရေနွေးလောင်ဒဏ်ရာရှိတဲ့ကောင်မလေးကြောင့် ကျွန်တော်သိလိုက်ရပြီ။

ကျွန်တော့်ချစ်သူဆေးရုံတက်ရအောင် ကျွန်တော် လုပ်ခဲ့မိတယ်။

ကျွန်တော်က `ဒီ့ထက်နည်းနည်းပိန်ရင်ကောင်းမှာပဲ´ လို့ပြောခဲ့မိတယ်။

လူဆိုတဲ့ သဘာဝအလျောက်ကျွန်တော် လောဘကြီးမိတယ်။ ပြီးပြည့်စုံတာကို လိုလားခဲ့တယ်။

ကျွန်တော် အမြဲ model girl တွေနဲ့ နှိုင်းယှဉ်ပြီးပြောလေ့ရှိတယ်။

သူ့ရဲ့မိသားစုထဲမှာပိန်တာမရှိတဲ့အကြောင်းအမြဲပြောခဲ့တယ်။ သူအရမ်းမ၀ပါဘူး။ ကိုယ်အလေးချိန်နဲ့ အရိပ်နဲ့ ဆိုရင် ရှိသင့်တဲ့ အလေးချိန်မှာရှိနေတယ်။ ၀တယ်တော့မဟုတ်ပေမဲ့ ပြည့်ပြည့်လေးပေါ့။

ဒါလဲကျွန်တော် မကျေနပ်ပါဘူး သူမ အားကစားမလုပ်ဘူးဆိုပြီး ကြိုးခုန်ဖို့ကြိုးဝယ်ပေးခဲ့တယ်…. သူမ မခုန်ချင်ခဲ့ဘူး ကျွန်တော်က ` ဒီကမ္ဘာမှာ ဆင်ပဲ ကြိုးမခုန်တတ်တာ´ ဆိုပြီး သူမကို လောင်ရယ်ခဲ့တယ်။

ရက်အနည်းငယ်ကြာတော့ ဘယ်အချိန်ကမှန်းမသိ သူမ ပိန်ပိန်လာတယ်။ ကျွန်တော်ကြည့်ပြီး ၀မ်းသာလာတယ်…. လုပ်မယ်ဆိုရင် မဖြစ်နိုင်တာမရှိပါဘူး လို့ပြောခဲ့သေးတယ်……

ဒီလိုနဲ့ ဒီကိစ္စက ဖြစ်ပျက်သွားတာက ခုထိမပြီးသေးပါဘူး။ သူမ ခဏခဏမူးလဲခဲ့တယ်…. စားပြီးရင် ပြန်အန်စေခဲ့တယ်။ အန်ရင်းကနေ လူပုံလဲမပေါက်တော့ဘူး….

အခု သူမအစာအိမ်တွေယောင်နေတယ်။ အစာအိမ်အလုပ်ကောင်းကောင်းမလုပ်။ အစာလမ်းကြောင်းလဲ သွေးတွေထွက်နေတယ်……. အန်တာက အလေ့အထလိုဖြစ်ပြီး အစားမစားလဲ အန်နေတယ်…..

သူမအားမရှိလို့ ပုံမှန်လည်ပတ်နေတဲ့ အမျိုးသမီးတယောက်တောင် သူမ မဖြစ်တာ ဘယ်လောက်ကြာမှန်းမသိဘူး။

သူမကတော့ သူပိန်သွားပြီ ဆိုတာကို ပဲ ၀မ်းသာအားရပြောနေတယ်…..

ကျွန်တော်အတွေးတွေကို ရပ်လိုက်ပြီး ကျွန်တော်လူနာခန်းထဲကို ပြန်ဝင်လာခဲ့တယ်……သူမနိုးနေပြီ ပျော့ဖတ်နေတဲ့ လက်ကလေးကို ကိုင်ပြီး `မြန်မြန်ကျန်းမာအောင်လုပ် အိမ်ပြန်မယ် ပိန်ဖို့မလိုတော့ဘူး….´´

`ဘယ်ရမလဲ ဒီမှာကြည့် အသားတွေပဲ ၀လွန်းတယ်´ ဆိုပြီးပြောနေတဲ့သူမကိုကြည့်လိုက်တာ သွားတွေလဲ သွားပိုးတွေစားကုန်ပြီ။ အမြဲအန်တော့ အစာအိမ်က အချဉ်ရည်တွေကြောင့် သူမသွားတွေကို ပိုးစားစေခဲ့တယ်။

ဆရာဝန်က သူမကို စိတ်ရောဂါပါ ကုပေးရမယ်လို့ပြောတယ်… ဒီလို အစားမစားတဲ့လူနာတွေဟာ အရိုးပေါ်အရည်တင်နေတာတောင် ၀လွန်းတယ်ပဲထင်နေတယ်။

ဘာလို့ဒီလိုတွေဖြစ်ကုန်တာလဲ…. ကျွန်တော် နောင်တရတယ်….

ကျွန်တော်သိပ်ချစ်တဲ့ သူ……… ကျွန်တော့်ကြောင့်…..

သူမဒီလို ဝေဒနာတွေခံစားနေရတာထက် ကျွန်တော် သူမဒီထက်ဝနေလဲ ကျွန်တော် လက်ခံပါတယ်…

ကျွန်တော် ချစ်ခဲ့တာ ပိန်လို့ ၀လို့မဟုတ်ပါဘူးး

ရေနွေးလောင်ဒဏ်ရာနဲ့ ကောင်မလေးရဲ့ချစ်သူက ဒဏ်ရာကို လက်ခံခဲ့လို့ ကောင်မလေး သူ့ကိုယ်သူ လက်ခံနိုင်ခဲ့တယ်….

ကျွန်တော်က ကျွန်တော် အတွက် နဲ့ ကျွန်တော့်ချစ်သူကို သူ့ကိုယ်သူ မလက်ခံနိုင်အောင် လုပ်ခဲ့တယ်…

ကိုယ်ကို confident ရှိတယ်ဆိုတာလဲ တခြားသူရဲ့သက်ရောက်မှုရှိပါတယ်….

စကားတစ်ခွန်းနဲ့လဲ မထင်မှတ်တဲ့ ပြောင်းလဲမှုကြီးကို ဖြစ်စေပါတယ်….

ကျွန်တော် ဒီလိုနဲ့ သူမကို စားလာအောင် သူမကို ကျွေးရင်း `အခုအရမ်းပိန်နေပြီ ဘာလို့ ဆက်ပိန်နေအုန်းမှာလဲ´´ လို့ မေးတယ်.

`` ဘာလို့လဲဆို…ငါအရမ်းကြောက်တယ်.. ငါမပိန်ရင် နင်ငါ့ကို မချစ်တော့မှာကို….´´

ပြောရင်း မျက်ရည်လေးတွေဝဲနေတယ်…

ဒီလောက် နက်နဲတဲ့သက်ရောက်မှုရှိသွားရတာလဲ….

သူမ ကျွန်တော့်ကို ချစ်တယ်ဆိုတဲ့ တခုနဲ့………

ကျွန်တော် မသိခဲ့ပါလား

Read More...

Saturday, January 31, 2009

ချိုတကူးနှင့် ဂုဏ်ရည်တူသူများ

မင်းဒင်
သောကြာနေ့၊ ဇန်နဝါရီလ 30 2009 14:14 - မြန်မာစံတော်ချိန်


ဆရာအောင်သင်း၏ "ချိုတကူးနှင့် ဂုဏ်ရည်မတူ" ကို ကျနော် အထက်တန်း ကျောင်းသားဘဝမှာ ဖတ်ခဲ့ရဖူးသည်။ ဆရာအောင်သင်း၏ စာပေဟောပြောပွဲများတွင်လည်း ချိုတကူးကို ပြန်တွေ့ရပြန်သည်။ တွေ့ဖန်များသော် ချိုတကူးကို ကျနော် ရင်းနှီးလာသည်။ အပြည့်အစုံ မဟုတ်သည့်တိုင် မှတ်မိသမျှ ချိုတကူး၏ အကြောင်းကိုဖြင့် ရှေးဦးစွာ ဖော်ပြလိုပါသေးသည်။

....

ချိုတကူးမှာ မြေလတ်မြို့လေး တမြို့မှ ၁၃ နှစ်ဝန်းကျင်အရွယ် အိန္ဒိယနွယ်ဖွားလေး ဖြစ်ပါသည်။ ချိုတကူးသည် ထိုမြို့သား မဟုတ်ပါ။ ဒုတိယ ကမ္ဘာစစ်အတွင်း ချိုတကူးတို့ မိသားစု အိန္ဒိယသို့ ပြန်မည့် သဘောင်္တစင်း မြေလတ်မြို့ ဆိပ်ကမ်း၌ ကပ်နေစဉ် ချိုတကူး တို့ သားအဖ သုံးယောက် အစားအသောက် ဝယ်ရန် ဆိပ်ကမ်းသို့ အဆင်း၊ ရုတ်တရက် လေကြောင်းရန် အချက်ပေး ဥသြသံကြောင့် သင်္ဘောသည် ကမ်းစပ်မှ အရေးပေါ် ထွက်ခွာသွားခဲ့ရာ ချိုတကူးတို့ သားအဖ သုံးယောက်မှာ မိသားစုနှင့်  ကွဲလျက် ကျန်ခဲ့ရရှာသည်ဟု ဆိုပါသည်။

မကြာမီမှာပင် ချိုတကူး၏ အဖေနှင့် အကိုမှာ ကာလဝမ်းရောဂါကြောင့် ရှေ့ဆင့်နောက်ဆင့် ဆုံးပါးကုန်ကြရာ တမြို့တရွာတွင် တကောင်ကြွက် တမျက်နှာ ကျန်နေခဲ့ရှာသော ချိုတကူးမှာ တမြို့လုံး ခိုင်းဖတ်ဘဝ ရောက်ရရှာသည်။ တဝမ်းတခါးအတွက် ရေခပ်၊ ထင်းခွဲမှအစ အောက်ခြေသိမ်း၊ အမှိုက်သိမ်း၊ လူတကာ မလုပ်ချင်သည့် အလုပ်မျိုးစုံဖြင့် အသက်ဆက်ခဲ့ရသူ ဖြစ်ပါသည်။ လူတကာကို အောက်ကျို့ကာ ဘဝကို ဖြစ်သည့် နည်းဖြင့် ရုန်းကန်နေရသည့် မိ-မရှိ၊ ဖ-မရှိ၊ ဆွေမျိုး ဉာတကာ နတ္ထိ။ ချိုတကူးကို တမြို့လုံးက ဂရုဏာ သက်ကြသည်ဟု ဆို၏။ သို့သော် ချိုတကူးကား သူ့ဘဝကို ပျော်ပျော်ပင် ဖြတ်ကျော်နေခဲ့သည် ဆို၏။

အနှီ ချိုတကူးသည် တနေ့သောအခါ ဒါရိုက်တာ ဦးသုခ ရိုက်ကူးသော ရုပ်ရှင်မင်းသမီးကြီး မေသစ် ပါဝင်သည့် ဂုဏ်ရည်မတူ အမည်ရှိ အလွမ်းဇာတ် ဘိုင်စကုပ်ကို ကြည့်နေစဉ် မေသစ်ကြီး၏ ပိုင်နိုင်လှသော သရုပ်ဆောင်ချက်ကြောင့် ရှိုက်ကြီးတငင် ငိုသည်ဟု ဆိုပါသည်။ ရုပ်ရှင်ရုံအပြင် ရောက်သည့်တိုင် မေသစ်ကို သနားမဆုံးနိုင် တဖွဖွ ဖြစ်ရသည် ဆို၏။

တမြို့လုံးက ဝိုင်းသနားကြသော ဒုက္ခသည်အစစ် ချိုတကူးသည် ဘိုင်စကုပ်ထဲက ဒုက္ခသည်အတု မေသစ်ကို ကြည့်ကာ သနားခဲ့လေသောကြောင့် ဆရာအောင်သင်းသည် သူ့ဇာတ်အဆုံးတွင် လူတို့၏ သဘောသည် အစစ်ထက် အတုကို ပိုမိုမြတ်နိုးတတ်ကြောင်း ကောက်ချက်ဖြင့် နိဂုံးချုပ်ခဲ့ပါသည်။

....

ရေးဖွဲ့မှုပင် သဘာဝကျန ပိုင်နိုင်လေသလော၊ ကျနော်ပင်လျှင် ခံစားတတ်သူပေလော မဝေခွဲနိုင်လင့်ကစား ချိုတကူး၏ ဇာတ်လမ်းသည် ကျနော့်စိတ်အစဉ်တွင် အဆုံးမသတ်နိုင်သေးချေ။ သဘောင်္ကြီး ကမ်းက ခွာသွားရုံမျှဖြင့် ချိုတကူးသည် ဘဝကို စုံးစုံးမြုပ်ခံလိုက်လေသလော၊ အောင်လံမြို့တွင်ပင် အရွယ်ရောက်ကာ အိမ်ထောင်ရက်သား ကျသွားလေသလော၊ ချိုတကူး၏ သားစဉ်မြေးဆက်တို့သည် အောင်လံမြို့တွင် ယခုတိုင် ရှိနေသေးသလော၊ သို့တည်းမဟုတ် မဟာဇနက္ကထုံး နှလုံးမူလျက်၊ ရရာအလုပ်ကို လုပ်ကိုင်လျက် ငွေကြေးစုဆောင်းကာ လုံလောက်သည့်တနေ့တွင် မိသားစုရှိရာ အိန္ဒိယပြည်ကြီးသို့ တမူး၊ မိုးရေးလမ်းမှ ဖြတ်သန်းပြန်သွားနိုင်ခဲ့လေသလော။

ချိုတကူးသာ သက်ရှိထင်ရှား ရှိဦးမည်ဆိုပါက ယခုအချိန်တွင် အသက် ၇၀ ကျော်ဝန်းကျင် ဖြစ်ပေရော့မည်။ ချိုတကူးသည် မြေလတ်မြို့ကလေးတွင်ပင် အောင်မြင်ထွန်းပေါက်သော ဘဝကို တည်ဆောက်နိုင်ခဲ့သည်ဆိုပါက မြေလတ်မြို့သားတို့ကလည်း နိုင်ငံကျော် ချိုတကူး၏ ဇာတ်လမ်း နောက်ဆက်တွဲကို စကားလက်ဆင့် ကမ်းကြပေလိမ့်မည်။ ထိုသို့သော အသံကိုလည်း ဆက်လက်ကြားရခြင်း မရှိချေ။

သို့တည်းမဟုတ် ချိုတကူးသည် တမူး-မိုးရေးမှတဆင့် ပြည်တော်ဝင်၍ အိန္ဒိယတိုက်ကြီး၏ တနေရာတွင် အောင်မြင်သော ဘဝတခုကို ထူထောင်နိုင်ခဲ့ပါကလည်း မြန်မာပြည် အထက်တန်း ကျောင်းသုံးမြန်မာစာ စာအုပ်တွင် ရေးဖွဲ့ထားခဲ့သည်အထိ ကျော်ကြားခဲ့လေသော သူ့ဘဝ၏ အခန်းဆက်ကို၊ သူသည်လည်းကောင်း သူ့အနီးဝန်းကျင်မှ သူတို့သည်ကောင်း စာတစောင် ပေတဖွဲ့ ရေးပြပေလိမ့်မည်။

ယခုမူ ချိုတကူးနှင့် ပတ်သက်၍ သတင်းနောက်ထပ် အစအန မရသည်ကို ထောက်ရှုပါက ဇာတ်လမ်းတွင် အစပိုင်းက ရေးဖွဲ့ခဲ့သကဲ့သို့ ချိုတကူးသည် သာမန်ဒုက္ခသည်တဦးအဖြစ် ဘဝကို အဆုံးသတ်သွားဟန် ရှိလေသည်။ မေသစ်၏ ဂုဏ်ရည်မတူကို ကြည့်၍ ငိုသည့်နည်းတူ ရွှေဘ၊ တင်ညွှန့်တို့၏ ဘိုင်စကုတ်များကို ကြည့်ကာ လက်သီးထိုးခန်းများကို အားကျနေခဲ့ပေလိမ့်မည်။ သာဂေါင်၊ သာဆန်း၊ အေးကို တို့၏ ဟာသကားများကို ကြည့်ကာ ရယ်မောပျော်ရွှင်နေခဲ့သည်ဟုပင် တွေးစရာ ရှိပေတော့သည်။

ချိုတကူး တယောက် ဘိုင်စကုပ် ကြည့်လိုက်၊ ငိုလိုက်ရီလိုက်၊ အားတက်လိုက်၊ စိတ်ဓာတ်ကျလိုက်ပုံစံနှင့် ဘဝကို ဖြတ်ကျော်နေသည် ဆိုလျှင်တော့ ချိုတကူးကား အတုကို မြတ်နိုးရင်း ငိုလိုက်ရီလိုက်နှင့်ပင် ဘဝကို အဆုံးသတ်သွားသူ ပေတကား။

ဤနေရာသို့ အတွေးစ ရောက်သောအခါ ကျနော်သည် ချိုတကူးဖြစ်နေသည်ကို အလန့်တကြား တွေ့ရှိရလေသည်။ ကျနော်သည် ဆွေမရှိ၊ မျိုးမရှိ ဖူးခက်မြို့သို့ အိတ်တလုံးဆွဲကာ တကောင်ကြွက် တမျက်နှာ ရောက်ခဲ့သူတည်း။ ထမင်းတလုပ်အတွက် ရေခပ်၊ ထင်းခွဲ၊ တောက်တိုမယ်ရအလုပ်မျိုး မလုပ်ရသည့်တိုင် ကျနော့်ဘဝ မျက်နှာငယ်ရသော အခြေအနေတွင် ချိုတကူးသည် ကျနော့်ထက် မသာချေ။ မြေလတ်မြို့လေးနှင့် ဖူးခက်၊ ကွာမည်။ မျက်နှာငယ်ရ၊ တကြောင့်ကြကြ ဘဝကား ထပ်တူပင်။

ရောက်စကသော် ဆိပ်ကမ်းမှ သင်္ဘောဥသြသံကြောင့် ခွာလေသည်တွင် ချိုတကူးတို့သားအဖ မြေလတ်မြို့ကလေးတွင် ယောင်နန ကျန်ခဲ့သည် ခံစားမှုနှင့် တူတန်ကောင်း၏။ တဖြည်းဖြည်း လမှ နှစ်သို့တိုင်သော် ….. ကျနော်သည် ကွတ်တီယိုလေးနှင့် ရင်းနှီးပြီ။ စူပါမားကက်တကာ၊ ကုန်တိုက်အနှံ့မှာ ဈေးဝယ်ရင်း စိတ်ဖြေသည်။ ကွန်ပြူတာတလုံးနှင့် စာတိုပေစလေးတွေ ရေးသည်။ ပါတောင်၊ ကမလာ၊ ကရွန်ကတ ကမ်းခြေအလှတွေမှာ ယစ်မူးသည်။

ဖူးခက်မြို့မှာနေရင်း အင်တာနက်မှလည်းကောင်း၊ ရေဒီယိုမှလည်းကောင်း၊ မြန်မာပြည်ကြီး အဖြစ်သနစ်စုံကို ကျနော် နားထောင်မြဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ချောင်းမြောင်းရိုက်နှက်ခံရသည်ကို ကြားသော် ကျနော့် အမျိုးအတွက် ရှက်သည်။ နာဂစ်မုန်တိုင်းကြောင့် အလောင်းတို့ပင် မြေမမြှုပ်နိုင်သော အဖြစ်တို့ကြောင့် မျက်ရည်ပေါက်ပေါက် ကျရလောက်အောင် ဝမ်းနည်းသည်။ ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေး လှုပ်ရှားတက်ကြွသူများကို ဥပဒေလက်လွတ် မတရား ထောင်ချမှုများ၊ နယ်ဝေးထောင်များသို့ ပို့ရုံမက မိသားစုနှင့်ပင် တွေ့ခွင့်မပေးသည်အထိ ရက်စက်ယုတ်မာမှုများကို ကြားရသိရသည့်အခါ ဝမ်းနည်းပက်လက် ဒေါသထွက်ကာ ပေါက်ကွဲရသည်။ ဘန်ကီမွန်းကိုလည်း အားကိုးတကြီး မျှော်လင့်၏။ ဂမ်ဘာရီကိုလည်း တိတ်တခိုး မှီခိုသည်။ အမေရိကန်၊ အာဆီယံ၊ ဥရောပသမဂ္ဂတို့ကိုလည်း ထိုနည်းနှင်နှင်။ ရိုဟင်ဂျာသတင်းကြောင့် အထိတ်တလန့် ဖြစ်ရသည်။ အိုဘားမား သတင်းကြောင့် အားတက်သည်။ ကျနော်သည် ချိုတကူးနှင့် ဘာထူးပါသနည်း။

တဖြည်းဖြည်း ဖူးခက်မြို့အနှံ့မှ ရွေ့ပြောင်းအလုပ်သမားတွေနှင့် ရင်းနှီးကျွမ်းဝင်လာသည့်အခါ အချို့မှာ ခဏတဖြုတ် ဟူ၍သာ လာလိုက်ကြသည်မှာ အနှစ် ၂၀ ဝန်းကျင်ပင် ရှိခဲ့ကြပြီ။ ရဲများနှင့်ဆုံသော် ပြေရာပြေကြောင်း လာဘတ်ထိုး၊ လာဘ်ထိုး ညှိကြသည်။ များသောအားဖြင့်မူ မတွေ့အောင် ရှောင်ကြတိမ်းကြ၊ ဂျက်ဆီဂျိန်းကြသည်။ ဘဝတဝမ်းတခါး ငွေစတချို့ စုမိလေငြား ရုန်းကြကုန်ကြသည်။ ချမ်း … ဘီယာလေးနှင့် မွေ့သည်။ ခရုန်ထစ် စီးကရက်ကို မွေ့သည်။ ထိုင်းအစားအစာ ခပ်စပ်စပ်ကို ခုံမင်နေတတ်ပြီ။ တခါတခါ အကြာကြီး သတိမေ့မျောနေရာမှ သတိပြန်လည်လာသော လူမမာလို မြန်မာပြည်သတင်း ဘာထူးသေးလဲ .. နှုတ်ခွန်းဟဟ မေးတတ်ကြသည်။ အသက်ကိုပင် ရဲရဲဟ မရှူဝံ့ကြသော်ငြား ဆက်၍ဆက်ခါ ပျော်ကာနေမြဲဖြစ်၏။ မြန်မာပြည်ကြီးသာကြောင်းကိုကြားလျှင် လွမ်းမော၍၊ ချာကြောင်းကိုကြားလျှင် အမျက်ထွက်သည်။ နောင်သော် မေ့မေ့ပျောက်ပျောက် အပျော်မပျက်ကြပြန်။ ချိုတကူး ပုံနှယ် သာတည်း။

ထိုမူတဝ အင်္ဂလန်၊ အမေရိကန်နှင့် ဥရောပနိုင်ငံ အနှံ့အပြားသို့ ရောက်ရှိနေကြလေကုန်သော မြန်မာပြည်ဖွားတို့လည်း ကျနော် လက်လှမ်းမီသမျှ၊ ကြားသိသမျှ ဤနည်းနှင်နှင်သာတည်း။

ဒုက္ခသည် ချိုတကူးသည် ဒုက္ခတောထဲမှာနေ၍ အတုကို မြတ်နိုး ငိုကြွေးနေသူ။ ဒုက္ခနွံကို မေ့လျော့နေသူ။ ကျနော်တို့ကား ချိုတကူး၏ ခြေရာကို နင်းသူများ ဖြစ်ကြ၏။

အတုကြောင့်ဖြစ်စေ၊ အစစ်ကြောင့်ဖြစ်စေ ငိုကာ ရယ်ကာမျှဖြင့်တော့ အောင်ပွဲသို့ ချီနိုင်မည်မဟုတ်ချေ။ ငိုခြင်း၊ ရယ်ခြင်း၊ ပူဆွေးခြင်း၊ ပြုံးခြင်း၊ မဲ့ခြင်း၊ အားငယ်ခြင်း၊ တက်ကြွခြင်း၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းကား သဘာဝတရားမျှသာဖြစ်၍ ထူးဆန်းလှသည် မဟုတ်ချေ။ လောကတံထွာ ဓမ္မတာဖြစ်၍ လွတ်မြောက်ခြင်းကို မဆောင်ကြဉ်းချေ။

ထိုသည် လမ်းဆုံး မဟုတ်တန်ချေ။ ချိုတကူးကို ကျနော် ခြေရာခံသည့်နည်းတူ နောင်လာလတ္တံသော ကျနော်တို့ မျိုးဆက်တို့သည် ကျနော့်တို့ကို ခြေရာခံကြပေလိမ့်မည်၊ ထိုနံရောအခါတွင် ကျနော်တို့သည် ချိုတကူးနှင့် ဂုဏ်ရည်တူသူ စာရင်းတွင် အပါအ၀င် ဖြစ်နေပေလိမ့်မည်။

စတုတ္တတန်း ဖတ်စာပါ သားတယောက်ကိုသာ မြင်သည်ဟူသော ပုံပြင်ကိုပါ ဆင်ခြင်ကာ အတွေးနယ်ချဲ့စရာပင်။ ပုံပြင်အကျဉ်းကိုမူ အောက်ပါအတိုင်း ဖတ်ရှုစေလိုပါသည်။

ဇရပ်အိုတခုပေါ်တွင် အဘိုးအိုတဦး ထိုင်လျက်နားနေသည်။ မလှမ်းမကမ်းရှိ ရေတွင်းတခုတွင် မိန်းမကြီး သုံးဦး ရေအိုးကိုယ်စီဖြင့် ရေငင်လျက်ရှိကြစဉ် ပထမ မိန်းမကြီးက သူ၏ သားသည် သီချင်းဆိုရာ၌ အသံ အလွန်ကောင်းသူဟု ဆို၏။ ဒုတိယ မိန်းမကြီးကမူ သူ၏ သားသည် အပြေးအလွန်သန်သည်ဟု ဆိုပြန်သည်။ တတိယ မိန်းမကြီးကမူ သားဖြစ်သူအကြောင်း တခွန်းမျှ မဟချေ။

ထိုစဉ် ကလေးငယ်သုံးဦးသည် ရေတွင်းရှိရာသို့ လာနေကြ၏။ တဦးသော ကလေးမှာ အလွန် သာယာသော တေးသီချင်း တပုဒ်ကို သီဆိုရင်း လာနေ၏။ အခြားကလေး တဦးမှာမူ သံဂွေတခုကို လှိမ့်လျက် အပြေးလာနေ၏။ ထိုကလေး နှစ်ဦးစလုံးမှာ ရေတွင်းဘက်သို့လှည့်၍ပင် မကြည့်ချေ။ နောက်ဆုံး ခပ်မှန်မှန် လျှောက်လာနေသော ကလေးငယ်မှာ ရေတွင်းရှိရာသို့ တန်းတန်းမတ်မတ် ရောက်လာကာ တတိယ မိန်းမကြီး၏ ရေအိုးကို ထမ်းလျက် ထွက်ခွာသွားလေသည်။

ထိုအခါ ပထမနှင့် ဒုတိယ မိန်းမကြီးတို့က ဇရပ်ပေါ်ရှိ အဘိုးအိုအား မိမိတို့၏ သားများကို မြင်လိုက်ပါသလော ဟု မေး၏။ ဤတွင်အဘိုးအိုက " ကျွန်ုပ် သားတယောက်ကိုသာ မြင်ပါသည်" ဟု ဆိုသည်။

သည်လိုပုံနှင့် မိုးကြီးချုပ်ပေရော့မည်။

ပြည်ပသို့ ရောက်နေကြသော မြန်မာအားလုံးကို စောင့်ကြည့်နေသည့် အဘိုးအိုတယောက်သာ ရှိပါမူ ....." မြန်မာပြည်သားများကို မြင်မိပါသလော" မေးသူရှိသည် ဟူငြားအံ့။ " ကျွန်ုပ် ချိုတကူးတို့ကိုသာ မြင်သည်" ဟု ဆိုမည် ထင်၏။ ကမ္ဘာ့အတန်းအစား ဝိဉာဉ်များတွင် ပုံပန်းချီရေးခြင်းငှာ စာရင်းမဝင်သော ချိုတကူးပုံတူ စာရင်းတွင် ကျနော်သည်လည်း အပါအဝင်ပင် ဖြစ်လေသည်။

Read More...

Thursday, January 22, 2009

မလေးရှားအစိုးရက ဗုဒ္ဓသာသနာမြေလှန်သုတ်သင်နေ

မလေးရှားအစိုးရကဦးစီး၍ ဗုဒ္ဓသာသနာမြေလှန်သုတ်သင်နေပုံကို မြန်မာမိတ်ဆွေများ ရှုစားနိုင်တော်မူကြပါရန် တင်ပြလိုက်ပါသည် ။
ဟောဒီမှာဗျို့

Read More...

Tuesday, January 20, 2009

ကိုရီးယားနှစ်ကူးပိတ်ရက်တွင် ကွန်ပြူတာသင်တန်းများဖွင့်မည် ။

အိဂျူးအိုပါး
၂၀၀၉ ၊ ဇန်နဝါရီ ၂၁ ။ အင်ချောန်း ။

ကိုရီးယားနှစ်ကူးပိတ်ရက်တွင် ကွန်ပြူတာသင်တန်းများဖွင့်မည် ။
ဓမ္မဒူတ(ကိုရီးယား) အလုပ်အမှုဆောင်အဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမား များ အတွက် ၊ ၄၃၄၂-ခုနှစ် ကိုရီးယားနှစ်သစ်ကူးပိတ်ရက် အတွင်း ၊ ကွန်ပြူတာ သင်တန်းများကို ဖွင့်လှစ်သွားမည် ဖြစ် ကြောင်း သိရသည် ။

ဖွင့်လှစ်မည့် သင်တန်းများနှင့် ရည်ရွယ်ချက်များ-
- P.C မိတ်ဆက် သင်တန်း ။
ပါဆင်နယ်ကွန်ပြူတာ ခေါ် တစ်ကိုယ်ရေသုံးကွန်ပြူတာများကို ကိုယ်တိုင် အသုံးပြုတတ်စေရန် ၊ သတင်းနှင့် အချက်အလက် စသည်တို့ကို အင်တာနက်တွင် ရှာဖွေရယူတတ်စေရန် နှင့် အီးမေးလ် လက်ခံခြင်း ပေးပို့ခြင်းတို့ကို ကျွမ်းကျင်စွာ ပြုလုပ်တတ်စေရန် ။

- Weblog ဖန်တီးခြင်းသင်တန်း ။
မိမိတို့၏ အတွေ့အကြုံ ၊ ဗဟုသုတ ၊ အဖြစ်အပျက် ၊ သတင်းအချက်အလက် ၊ အတွေးအခေါ်အယူအဆ ၊ ခံစားချက် နှင့် အနုပညာဖန်တီးမှု စသည်တို့ကို ဝက်ဘလော့မှတစ်ဆင့် လူထုပရိတ်သတ်ထံ တင်ပြတတ် စေရန် ။

သင်တန်းကာလနှင့်အချိန်-
-၂၀၀၉ခုနှစ် ဇန်နဝါရီလ ၂၅ ရက် (တနင်္ဂနွေ) ၊၂၆ ရက်(တနင်္လာ) နှင့် ၂၇ ရက်(အင်္ဂါ) ။ (၃-ရက်)။
- P.C မိတ်ဆက် သင်တန်း ။ နေ့စဉ် မွန်းလွဲ ၃ နာရီမှ ၆ နာရီထိ ။
- Weblog ဖန်တီးခြင်းသင်တန်း ။ နေ့စဉ် ညနေ ၇ နာရီမှ ည ၁၀နာရီထိ ။

ကြိုတင် စာရင်းပေးသွင်းရန်-
- လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ၊ သင်သန်းသားလောင်းများသည် ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် (စနေနေ့) ညနေ ၇ နာရီထက် နောက်မကျစေဘဲ ၊ လက်ကိုင်ဖုန်းနံပတ် ၀၁၀-၂၃၃၁-၂၄၅၇ ထံဖြစ်စေ ၊ အီးမေးလ် wyne1969@gmail.com ထံဖြစ်စေ မိမိတို့ အဆင်သင့်ရာနည်းဖြင့် စာရင်းပေးသွင်း ကြရမည် ဟုဆိုသည် ။

သင်တန်းစရိတ်အဖြစ် -
- သင်တန်းကြေးမရှိသော်လည်း သင်ထောက်ကူပစ္စည်း အခက်အခဲကြောင့် ၊ သင်တန်းများကို PC Bang ခေါ် အင်တာနက် ကဖေး တွင် ပြုလုပ်မည်ဖြစ်ရာ ၊ အင်တာနက် ကဖေးသုံးစွဲခ ကိုမူ သင်တန်းသားများက ကျခံကြရမည်ဟု ဆိုပါသည် ။

Read More...